အသားအရေ လှပချင်သူတိုင်း သိထားသင့်တဲ့ ရန်သူတော်ကြီးများ
အသားအရေဆိုတာ Skin Care တွေ အမျိုးမျိုးလုပ်ပြီး ထိန်းသိမ်းရတာသာ ခက်တာ၊ ထိခိုက်ပျက်စီးဖို့ကတော့ အလွန်လွယ်ကူတဲ့ အရာပါ။ Skin Care တွေ ဘယ်လောက်ပဲလုပ်လုပ်၊ ဘယ်လောက်စျေးကြီးပြီး ကောင်းတဲ့ပစ္စည်းတွေပဲသုံးသုံး အသားအရေလှပမှုအတွက် ရန်သူတွေကို မရှောင်နိုင်ရင်တော့ အသားအရေက ကောင်းလာမှာ မဟုတ်ပါဘူး။
ဒါကြောင့် အသားအရေကို ပျက်စီးစေတဲ့ အဓိကရန်သူတွေက ဘာလဲဆိုတာ ကြည့်လိုက်ကြရအောင်နော်။
(1) နေရောင်ခြည်
ဗီတာမင် D ကို နေရောင်ခြည်ကနေ ရတယ်ဆိုပေမယ့် မနက် ၉ နာရီနောက်ပိုင်း နေရောင်ခြည်တွေကတော့ အရေပြားအတွက် နံပါတ်တစ်ရန်သူပါပဲ။
ပူပြင်းတဲ့ နေရောင်ခြည်တွေထဲမှာ UVA ၉၅% ပါဝင်ပြီး UVA ဟာ အရေပြားရဲ့ အတွင်းဆုံးပိုင်းထိ ရောက်နိုင်ကာ ကော်လဂျင်တွေ ဆုံးရှုံးစေပြီး အိုမင်းရင့်ရော်တဲ့ လက္ခဏာတွေ ပေါ်လာစေပါတယ်။ UVA ဟာ အရေပြားကင်ဆာကိုလည်း ဖြစ်စေတဲ့အရာပါ။
UVB ကတော့ ပါဝင်တဲ့ ပမာဏနည်းပေမယ့် Sunburn လို့ခေါ်တဲ့ နေလောင်ဒဏ်ရာတွေ၊ အမဲစက်တွေ၊ မှဲ့ခြောက်တွေ ဖြစ်စေတဲ့ အဓိကတရားခံဖြစ်ပြီး အရေပြားကင်ဆာကိုလည်း ဖြစ်စေပါတယ်။
Suncream နေ့စဥ်လိမ်းတာ၊ နေပူထဲသွားရင် ဦးထုပ်ဆောင်း၊ ထီးဆောင်းတာ၊ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်တာတွေက အရေပြားကို နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးမှာပါ။
(2) ဆေးလိပ်နဲ့ အရက်
ခန္ဓာကိုယ်ကို ကောင်းကျိုးမပေးတဲ့ ဆေးလိပ်နဲ့အရက်ဟာ အသားအရေကိုလည်း ဆိုးကျိုးတွေသာ ပေးပါတယ်။ ဆေးလိပ်သောက်တဲ့အခါ သွေးကြောတွေက ကျဥ်းလာတဲ့အတွက် အရေပြားမှာ သွေးလှည့်ပတ်မှုနည်းပြီး အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ ရရှိမှုလည်း နည်းလာကာ အရေးအကြောင်းတွေ ဖြစ်လာသလို အသားအရေလည်း လျော့ရဲလာပါလိမ့်မယ်။
အရက်သောက်တဲ့အခါ ခန္ဓာကိုယ်မှာ ရေဓာတ်ဆုံးရှုံးတဲ့ လက္ခဏာတွေ ဖြစ်လာတာမို့ ရေဓာတ်ခန်းခြောက်နေတဲ့ အရေပြားက အရေးအကြောင်းတွေ ပိုဖြစ်လွယ်ပါတယ်။
(3) အာဟာရနဲ့ ရေဓာတ်ချို့တဲ့ခြင်း
နေ့စဥ်အစားအစာတွေထဲမှာ ဗီတာမင် C နဲ့ Antioxidants တွေ များများပါဝင်မှသာ အသားအရေချောမွေ့တောက်ပဖို့ အထောက်အကူ ဖြစ်မှာပါ။ ဆီကြော်တွေ၊ Snacks တွေ၊ ရယ်ဒီမိတ်အစားအစာတွေပဲ စားနေရင်တော့ အသားအရေလှပဖို့ မမျှော်လင့်ပါနဲ့။
ရေဓာတ်လုံလောက်စွာမရှိတဲ့ အရေပြားက အိုမင်းရင့်ရော်လွယ်တာမို့ ရေများများသောက်ဖို့ကလည်း အရေးကြီးပါတယ်။
(4) ဓာတုပစ္စည်းများ
ကြွေဂျီးချွတ်ဆေးရည်၊ အစွန်းချွတ်ဆေး စတာတွေမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ အရေပြားလောင်ပြီး နီရဲရောင်ရမ်းနာကို ဖြစ်စေနိုင်လို့ ဓာတုပစ္စည်းတွေသုံးရင် အကာအကွယ်တွေ ဝတ်ဆင်ဖို့ မမေ့ပါနဲ့ (ဥပမာ…မျက်မှန်၊ Mask ၊ လက်အိတ်)။
(5) မျက်နှာအမူအယာကို ထပ်ခါထပ်ခါလုပ်ခြင်း
မျက်နှာအမူအယာတစ်ခုကို ထပ်ခါထပ်ခါလုပ်တာကလည်း အရေးအကြောင်းတွေကို ဖြစ်စေပါတယ်။ ဥပမာ…မျက်မှောင်ကျုံ့လေ့ရှိသူမှာ မျက်ခုံးနှစ်ခုကြား အရေးအကြောင်းတွေနဲ့ နဖူးပေါ်က အလျားလိုက် အရေးအကြောင်းတွေ ပေါ်နေမှာဖြစ်ပြီး စကားပြောရင် မဲ့ရွဲ့ပြောလေ့ရှိသူမှာ နှုတ်ခမ်းတဝိုက်က အရေးအကြောင်းတွေ ထင်းနေမှာ ဖြစ်ပါတယ်။
ဟက်ပီးလေးတို့ရေ…အခုပြောခဲ့တဲ့ ရန်သူတွေကို တိုက်ထုတ်နိုင်မယ်ဆိုရင် လုပ်သမျှ Skin Care တွေ အရာထင်မှာဖြစ်သလို Skin Care မလုပ်နိုင်ရင်တောင် အသားအရေလေးက မပျက်စီးဘဲ လှပနေနိုင်မှာ အသေအချာပါပဲနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်